တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး  ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဦးဆောင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ (၁) ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် နိုင်ငံသားတိုင်း တရားဥပဒေစိုးမိုးမှုရရှိရေး၊ ဥပဒေအသိပညာရရှိရေး၊ ဥပဒေအကာအကွယ်ကို အညီအမျှရရှိစေရေးဆိုသည့် လမ်းညွှန်ချက်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်အတွင်း ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ချက်အနေဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကို စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ ယခုလိုတည်ဆောက်သည့်နေရာတွင် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန် လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရေးနှင့် ဥပဒေအသိပညာပြန့်ပွားရေးသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊  ယခုသင်တန်းမှာ လေ့လာမှတ်သားခဲ့သော ဥပဒေအသိပညာများကို မိမိတို့ရပ် ကွက်၊ ကျေးရွာအုပ်စုမှာရှိသည့် ပြည်သူများထံ ဥပဒေအသိပညာပြန့်ပွားအောင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ကျေးရွာတာဝန်ခံများကို ဆက်လက်သင်ကြားပေးရမှာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဥပဒေအသိပညာရရှိခြင်းဖြင့် ဥပဒေစည်းကမ်းများကို လိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိမှာဖြစ်သောကြောင့် နိုင်ငံတော်က တည်ဆောက်နေသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် အထောက်အကူရရှိမှာဖြစ် ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် အုပ်ချုပ်ရေးကဏ္ဍတွင် အခြေခံအကျဆုံးနေရာတွင်ရှိပြီး ပြည်သူများနှင့် အမြဲထိတွေ့ဆက်ဆံနေသူများဖြစ်ကြောင်း၊ ယခုသင်တန်းက ဥပဒေအသိပညာများရရှိပြီး မိမိတို့ရပ်ကွက်၊ ကျေးရွာ အုပ်စုအတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း သင်ကြားပို့ချမည့် ဥပဒေဘာသာရပ်ဗဟုသုတများကို မိမိတို့၏ရပ်ကွက်၊ ကျေးရွာအုပ်စုမှာရှိသော ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ကျေးရွာတာဝန်ခံများကို လက်ဆင့်ကမ်း ပြန်လည်ပို့ချရမှာဖြစ်သည့်အတွက် အလေးထား လေ့လာမှတ်သားသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးထိန်လင်းကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ချက် Video Clip ပြသနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က သင်တန်းသားရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

သင်တန်းတွင် တာဝန်ရှိသူများက သင်တန်းသား ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (၅၀) ဦးအား ဇူလိုင်လ ၃ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)