ဟိုပုံး ဇူလိုင် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားရာတွင် ဟိုပုံးမြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၂)အုပ်စု၊ ကျေးရွာပေါင်း(၃၀၂)ရွာကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (အသစ်) ရွေးချယ်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား တာဝန်ပေးအပ်၍ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရေးလုပ်ငန်းများကို ၁-၅-၂၀၂၆ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့ဝင်များမှ ရပ်ကွက်/ ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးများအား ၁-၆-၂၀၂၆ ရက်နေ့အပြီး အချိန်ကာလသတ်မှတ် ရွေးချယ်ဆောင် ရွက်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေပြဌာန်းချက်များအရ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ဒေသန္တရအုပ်ချုပ်ရေးယန္တရား စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးအတွက် အဓိကမောင်းနှင်အားများဖြစ်ကြသဖြင့် မိမိတို့၏ လုပ်ငန်းနှင့်တာဝန်၊ လုပ်ပိုင်ခွင့်များကို သိရှိနားလည်ပြီး ဥပဒေ၊ နည်းဥဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာတို့ အရင်းခံပြီး လုပ်ငန်း တာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တွေးတောကြံဆတီထွင်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ထမ်းဆောင်နိုင်စေရေးအတွက် သင်တန်းအချိန် တစ်ရက်လျှင် (၇) ချိန်ဖြင့် ပို့ချဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပို့ချမည့်ဘာသာရပ်တွေကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုင်တွယ် ကျင့်သုံးနေသော ဥပဒေ(၁၉) မျိုး၊ နည်းဥပဒေ(၁၀)မျိုး၊ မြေယာစီမံခန့်ခွဲခြင်း၊ မြေယာ အမျိုးမျိုးပေါ်တွင် ကျူးကျော်မှုများအား အရေးယူဆောင်ရွက်ခြင်း၊ ဆက်စပ်မြေယာဥပဒေဆိုင်ရာကိစ္စရပ်များ၊ ယစ်မျိုးစီမံခန့်ခွဲခြင်း၊ ယစ်မျိုးဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများ၊ အခွန်(၄)မျိုးကောက်ခံခြင်းနှင့်ပတ်သက်၍ လတ်တလောဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေဆိုင်ရာ ကိစ္စရပ်များကို သင်တန်းပို့ချဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ အခြားဌာနဆိုင်ရာများမှလည်း သက်ဆိုင်ရာဘာသာရပ် အလိုက် သင်ခန်းစာအသီးသီးကို ပို့ချဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းမှ ပို့ချလိုက်သည့် ဘာသာရပ်များကို စနစ်တကျလေ့လာသင်ယူဆောင်ရွက်ပြီး မိမိတို့ရပ်ကွက်/ ကျေးရွာအုပ်စုများကို လက်တွေ့ကျကျ အကျိုးရှိစွာ အသုံးချဆောင်ရွက်သွားစေလိုကြောင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်ကို တာဝန်ယူဆောင်ရွက်ရတာကြောင့် နိုင်ငံတော်၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရစနစ်ကို လက်တွေ့ကျင့်သုံးဖော်ဆောင်ရာတွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ခေတ်စနစ်နှင့်အညီ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်အောင်ဆောင်ရွက်လျက် နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒများ၊ ဦးတည်ချက်များနှင့်အညီ ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား သင်ထောက်ကူပစ္စည်းများပေးအပ်သည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသမိုင်းကြောင်း Video Clip အား ကြည့်ရှုခဲ့ကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား (၂၈) ဦးဖြင့် ဇူလိုင်လ (၁) ရက်နေ့မှ ဇူလိုင်လ (၂၈) ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)