သရက်ချောင်း ဇူလိုင် ၁
ဥပဒေရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥပဒေရုံးမှ ဖွင့်လှစ်သော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ခေတ္တဥက္ကဋ္ဌ ရဲမှူးခင်မောင်လွင်က ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးဖော်ဆောင်ရန်၊ ပြည်သူ့အကျိုးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ အုပ်ချုပ်ရေးယန္တရားအခြေခံအဆင့်ထိ စနစ်တကျပြုပြင်ဖွဲ့စည်းရန် ဥပဒေ၏ရည်ရွယ်ချက်များကို ရှင်းလင်းကာ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးကျော်ကျော်အောင်က သင်တန်းတွင်ပို့ချမည့် ဥပဒေဆိုင်ရာဘာသာရပ်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသူများက ထပ်ဆင့်ရှင်းလင်းဆွေးနွေးပြီးနောက် တာဝန်ရှိသူများက သင်တန်းသား/သူများအား ဥပဒေအသိပညာပြန့်ပွားရေးစာအုပ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါသင်တန်းကို ဇူလိုင် ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)