ကွန်ဟိန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်

ကွန်ဟိန်း ဇူလိုင် ၁

ပြည်သူ့အကျိုးပြုဝန်‌ဆောင်မှုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ‌ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် ပြည်သူနှင့်အနီးကပ်ဆုံးထိတွေ့နေရသူများဖြစ်သဖြင့် မိမိတို့၏လုပ်ငန်းစွမ်းဆောင်ရည်များ စဉ်ဆက်မပြတ်မြင့်မားနေရန်လိုအပ်ကြောင်း၊ အထက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုအကြား ပေါင်းကူးပေးသည့် တံတားသဖွယ် အဓိကကျသည့် အခန်းကဏ္ဍမှပါဝင်နေသူများဖြစ်ပါကြောင်း၊ မိမိတို့ဒေသတွင်း ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန်နှင့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး ကွန်ဟိန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးဝင်းလှိုင်က အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့‌ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းသို့ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် စာ‌ရေးဝန်ထမ်းများတက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်လကြာမြှင့်တင်ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် နိုင်ငံတော်အစိုးရ၏မူဝါဒ၊ ရည်မှန်းချက်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေနှင့်နည်းဥပဒေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု၊ ရုံးလုပ်ငန်းအခြေခံများနှင့် စီမံခန့်ခွဲမှုဘာသာရပ်များကို စနစ်တကျသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်