မိုင်းနောင် ဇူလိုင် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အမှတ် (၂၈၆) ခြေလျင်တပ်ရင်းတွင် နိုင်ငံတော်အေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ယမန်နေ့ညနေပိုင်းက စည်စည်ကားကား ကြိုဆိုခဲ့ကြောင်း သိရှိရသည်။
အဆိုပါအောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား အရှေ့အလယ်ပိုင်းတိုင်းမှ တာဝန်ရှိသူများနှင့် မိုင်းနောင်တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အရာရှိစစ်သည်များနှင့် မိသားစုဝင်များ၊ တိုင်းရင်းသားမိဘပြည်သူများက တိုးနယားနှင့် အိုးစည်ဗုံမောင်းတို့ဖြင့် စည်စည်ကားကား ကြိုဆိုခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်အတွက် အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာများ လုံခြုံမှု ရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ဟိုမိန်းစစ်ဆင်ရေးနယ်မြေမှ တာဝန်ထမ်းဆောင်၍ အောင်ပွဲရခဲ့သော ရှေ့တန်းပြန်တပ်မတော်များအား သပြေပန်းနှင့် အောင်ပန်းကုံးများဖြင့် ကြိုဆိုခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)