ကျွန်းစုမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး

ကျွန်းစု ဇွန် ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများကို ဇွန် ၂၉ ရက် မွန်းလွဲပိုင်းက ညောင်းဘီးကျေးရွာအုပ်စုရှိ အထကကျောင်း၌ ကွင်းဆင်း အသိပညာပေးဟောပြောသည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန၊ တောအုပ်ဦးတင်လှိုင်က မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရေး၊ သစ်ပင်များ၏ အကျိုး​ကျေးဇူးများ၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်း​ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး အသိပညာ​ပေး​ဟော​ပြောသည်။

ထို့နောက်​ တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်း​ဖြေကြားခဲ့ပြီး ​ကျောင်းဝင်းအတွင်း မန်ဂျန်ရှားပျိုးပင်များအား သရုပ်ပြစိုက်ပျိုးပြသပေးခဲ့ကြောင်း၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက်​ ကျောင်းအတွင်း ပျဉ်းကတိုး၊ မ​ဟော်ဂနီ၊ မန်ဂျန်ရှားစသည့် အရိပ်ရပင်များနှင့် ပန်းအလှပင်များဖြစ်သည့် ခရေ၊ စက္ကူပန်းပင် စုစုပေါင်း ပျိုးပင် ၆၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)