(၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် သမဝါယမအသင်းများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်

ဘားအံ ဇွန် ၃၀

ဇူလိုင်လ(၄)ရက်နေ့တွင်ကျရောက်မည့် (၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၏ ကရင်ပြည်နယ်အစိုးရ အဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့် သမဝါယမအသင်း များအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းက ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမဝါယမစနစ်ဖြင့်စုပေါင်းဆောင်ရွက်သည့်စနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ပြည်နယ် ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်၊ ပြည်နယ်ဝန်ကြီးများနှင့် သမဝါယမဦးစီးဌာနပြည်နယ်ဦးစီးမှူးဒေါ်အေးပွင့်တို့က ကရင်ပြည်နယ်အတွင်း လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်း(၃)သင်း၊ ဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ပျိုးသည့် သမဝါယမအသင်း(၅)သင်း စုစုပေါင်းအသင်း (၈)သင်းကို တစ်သင်းလျှင် ငွေကျပ်သိန်း(၂၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း(၁၆၀၀)ကို လွှဲပြောင်းပေးအပ်ခဲ့ကြပြီး သမဝါ ယမအသင်းသားများကိုယ်စား အသင်းသားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် သမဝါယမအသင်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)