ကြံခင်းမြို့၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲပြုလုပ်

ကြံခင်း ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၈ နာရီချိန်က မြို့မရပ်ကွက်ရှိနန်းဦးဆိပ်ကမ်းအနီး၊ ဧရာဝတီ မြစ်အတွင်း၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက် ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲအခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးစသည့် ရည်မှန်းချက် တာဝန်(၄) ရပ်ဖြင့် “လေ့ကျင့်မှ ကျွမ်းကျင် ကျွမ်းကျင်မှယုံကြည် ယုံကြည်မှရဲရင့် ရဲရင့်ခြင်းမှသည် အောင်ပွဲ ဆီသို့” ဆိုတဲ့စကားပုံနှင့်အညီ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက် သွားကြရန်ပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်က မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်အား သတင်းပို့ဆောင်ရွက်ပြီးနောက် ရေပြင်ရှာဖွေ ကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသမှုဆောင်ရွက်ကြရာ မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သဘာဝဘေးရေကြီး ရေလျှံ မှုများ၊ စက်လှေ တိမ်းမှောက်မှုများဖြစ်ပေါ်လာခဲ့လျှင် ရှာဖွေကယ်ဆယ်ခြင်း၊ အသက်ကယ်ဘောကွင်း အသုံးပြု၍ ရေနစ်သူအား ကယ်ဆယ်ခြင်း၊  ရှေးဦးသူနာပြုစုခြင်းနှင့် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ လူနာတင်ယာဉ်တို့ဖြင့် ပို့‌ဆောင်ခြင်းတို့ကို ပူးပေါင်း၍ သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ဆောင်ရွက် ကြသည်။ ဆက်လက်၍ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အသင့်တုံ့ပြန်ဆောင်ရွက်နိုင်ရေး စုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင် ရှင်းလင်းပြသကာ တာဝန်ရှိ သူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်နေမှုများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ မှူး(ယာယီ) ရဲမှူးကျော်ဇံ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်ဆန်းဝင်း နှင့်အဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)