မြန်အောင် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့နယ်၊ နွယ်ငြိမ်းတောင်ပေါ်ကျောင်းဝင်းအတွင်း ကျင်းပစိုက်ပျိုးခဲ့သည်။
ဦးစွာ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်၊ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝေလင်းနှင့် ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများ က တက်ရောက်လာသူများကို စိုက်ပျိုးမည့်ပျိုးပင်များ အသီးသီးဖြန့်ဝေပေးအပ်ခဲ့ပြီး မဟော်ဂနီ ပင်အား ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများကလည်း သတ်မှတ်နေအသီးသီးတွင် သစ်ပင်စိုက်ပျိုးကြသည်။
မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူ များတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပခြင်းဖြစ်ပြီး သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့်ကိုက်ညီသည့်သစ်မျိုးများ၊ အဖိုးတန်သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့်အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများဖြစ်သည့် ကျွန်း၊ ပိတောက်၊ ခရေ၊ မန်ဂျန်ရှား၊ ဗန်ဒါ စသည့်သစ်မျိုး (၁၁) မျိုး စုစုပေါင်း (၂၀၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်အောင်ရေနံမြေမှဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရေနံမြေ၊ အခြေခံပညာမူလတန်းကျောင်း (ကုန်းတလုံး) နှင့်(ကဇွန်းခုံ)တို့မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များအင်အား (၃၃၄) ဦး တက်ရောက်ခဲ့ကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြီးနောက် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)