ကျိုင်းလပ် ဇွန် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မီးသတ်ဦးစီးဌာန၏ ရက်(၁၀၀) စီမံချက်ဖြင့်ဆောင်ရွက်သော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းလပ်နယ်မြေရဲစခန်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လက်ထောက်မီးသတ်ဦးစီးမှူး ဦးလှမင်းထက်က မီးဘေးအန္တရာယ်ဖြစ်ပွားစေသည့်အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါကလိုက်နာရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံများကို အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မီးဘေးအန္တရာယ်မကျရောက်မီကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်တုန့်ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနဦးဆောင်၍ သရုပ်ပြသခဲ့ကြပြီး ကျိုင်းလပ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ကိုယ်တိုင်ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။
ကျိုင်းလပ်(ပြန်/ဆက်)