သီပေါ ဇွန် ၃၀
မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်နယ်၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်နှင့်အညီ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းနှင့် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကြည်ထွန်းက မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ရှောင်ကျဉ်ရမည့်အချက်များနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်ကျရောက်ပါက မီးသတ်ဆေးဘူးသုံးစွဲပုံ၊ သုံးစွဲနည်းများကိုအဆိုပါ ကျောင်းရှိဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်း၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ် သရုပ်ပြသခြင်းများဆောင်ရွက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ပြုလုပ်ဆောင်ရွက်ခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်းနှင့် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းနှင့် ငလျင်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၉၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)