၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်းသွေးလှူဒါန်း

ဟင်္သာတ ဇွန် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ဟင်္သာတခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ဟင်္သာခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးက စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်းက ကျေးဇူးတင်စကားနှင့် ခရိုင်ပြည်သူ့ဆေးရုံတွင် အနယ်နယ်အရပ်ရပ်မှ တက်ရောက်ကုသလျက်ရှိသော လူနာများအတွက် သွေးလိုအပ်မှုအခြေအနေများ၊ သွေးလှူဒါန်းခြင်းဖြင့်ရရှိနိုင်သော ကုသိုလ်အကျိုးကျေးဇူးများ၊ သွေးလှူဘဏ်မှ နေ့စဉ်လူနာများလိုအပ်သော သွေးအမျိုးအစားများကို ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ဟင်္သာတခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက သွေးလှူဒါန်းရန် လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နေမှုနှင့် စုပေါင်းသွေးလှူဒါန်းနေမှုတို့အား ခရိုင်ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများထံသို့ သွေးအိပ်များလှူဒါန်းခဲ့ရာ ခရိုင်ဆေးရုံအုပ်ကြီးမှ သွေးလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟင်္သာတခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက သွေးအမျိုးအစားများအလိုက် သွေး(၁၅)လုံးကို လှူဒါန်ခဲ့ကြပြီး တာဝန်ရှိသူများက ကြက်ဥနှင့်အာဟာရဖြည့် အစားအစာများ၊အားဖြည့်အချိုရည်များကိုလည်းကောင်း ဟင်္သာတသွေးလှူဘဏ်မှ အားဖြည့်ဆေးဝါးများနှင့် အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)