ငွေဆောင်မြို့၌ ဟိုတယ်ဇုန်မိုးရာသီသစ်ပင် (ပန်းအလှပင်)စိုက်ပျိုးပွဲ (ပထမအကြိမ်) ကျင်းပ

ငွေဆောင် ဇွန် ၃၀

​ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ မြို့ပြအင်္ဂါရပ်နှင့်အညီ လှပစေရေး၊ ခရီးသွားဆွဲဆောင်မှု မြှင့်တင်နိုင်ရေးတို့အတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ ဟိုတယ်ဇုန်လမ်းရှိ Myanmar Treasure (အထင်ကရ)ဟိုတယ်ရှေ့မှ Grand Ngwe Saung ဟိုတယ်အထိ ဟိုတယ်ဇုန်ဧရိယာ(၁)တွင် မြို့အုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ဟိုတယ်ဇုန်မိုးရာသီသစ်ပင်(ပန်းအလှပင်) စိုက်ပျိုးပွဲ (ပထမအကြိမ်) ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဟိုတယ်တာဝန်ခံများထံ စိုက်ပျိုးမည့်ပန်းပင်များကို ပေးအပ်ခဲ့သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူးမှ ပျဥ်းမပင်ကို ဦးစွာစိုက်ပျိူးပေးပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဟိုတယ်တာဝန်ခံများနှင့် ဟိုတယ်ဝန်ထမ်းများ  စုစုပေါင်းအင်အား (၁၀၀) ဦးခန့်ဖြင့် ပျဥ်းမ၊ စိန်ပန်း၊ တရုတ်စကားနီ/ ဖြူ၊ ဗိုလ်ကတော်မျက်ခုံး၊ ရွက်လှ၊ ခေါင်ရန်း၊ ပန်းမြင်းခွာ၊ ကိုရန်ပန်း၊ Morning Flowers စသည့် ပျိုးပင် (၁၀) မျိုး၊ အပင် (၅၀၀) ကျော်အား ဟိုတယ်ရှေ့မျက်နှာစာရေနုတ်မြောင်းနှင့် ကွန်ကရစ်လမ်းအကြားတွင် စနစ်တကျ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

​ငွေဆောင်မြို့အနေဖြင့် ဟိုတယ်ဇုန်လမ်းတွင် သစ်ပင်စိုက်ပျိုးခြင်းကို ဇုန်နေရာ (၃) ခုခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ရာ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ဟိုတယ်ဇုန်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်များကိုလည်း ၂၀၂၆ ခုနှစ်၊ ဇူလိုင်လကုန် နောက်ဆုံးထား၍ ဆက်လက်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျော်လင်းဦး