ပင်းတယမြို့နယ်တွင် စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာသုံးစက်ကိရိယာများ ပေးအပ်

ပင်းတယ ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့နံနက် ၉နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံး၊ ငွေရင်းရန်ပုံငွေမှ စပါး၊ နေကြာ၊ မြေပဲ၊ ကော်ဖီမျိုးစေ့ထုတ်နှင့် စံပြစိုက်ခင်းများအတွက် ပျိုးပင်၊ မျိုးစေ့၊ မြေဩဇာနှင့်လယ်ယာသုံးစက်ကိရိယာများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပသည်။

ဦးစွာ ပင်းတယမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မော်မော်လွင်က ပေးအပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက ကျုံးကျေးရွာအုပ်စု၊ တမဲကျေးရွာအုပ်စု၊ ကျောက်စုကျေးရွာအုပ်စု၊ မိုင်းလီကျေးရွာအုပ်စုနှင့် တောင်ရှည်ကျေးရွာအုပ်စုများကို မျိုးစေ့ထုတ်နှင့် စံပြစိုက်ခင်းများအတွက် စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာသုံးစက်ကိရိယာများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)