မက်မန်းမြို့တွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

မက်မန်း ဇွန် ၃၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊  မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ ဆွတ်ဝိုးအုပ်စု၊ အောင်သံလွင်ကျေးရွာ၊ အ.ထ.က (ခွဲ) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မက်မန်းမြို့ ပြည်သူ့ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတိုးသူရအောင်က အောင်သံလွင်ကျေးရွာရှိ ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံ၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မက်မန်းမြို့ ပြည်သူ့ဆေးရုံမှ အမျိုးသမီးရေးရာကျန်းမာရေးဆရာမ ဒေါ်သီတာချမ်းအေးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆီးချိုသွေးချိုဖြစ်ပွားရသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခြင်း၊ ဆေးလိပ်သောက်ခြင်းဖြင့် နောက်ဆက်တွဲခံစားရမည့် ကျန်းမာရေးဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခြင်း၊ မိုးရာသီကာလအတွင်း အဖြစ်များသော ရာသီတုပ်ကွေးများအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများအကြောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအစရှိသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ကုသရေးဦးစီးဌာနမှူး  ဒေါက်တာတိုးသူရအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက အောင်သံလွင်ကျေးရွာရှိ ရပ်မိရပ်ဖများကို တစ်ဦးချင်းအလိုက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည့်ဆေးဝါများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)