သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲ (၆၈၆၁) ဧက လျာထားစိုက်ပျိုးမည်

သဲကုန်း ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်လျှက်ရှိရာ ယခုနှစ်မိုးရာသီဆီထွက်သီးနှံအဖြစ် မြေပဲနှင့် နှမ်းသီးနှံများကို အဓိကထားစိုက်ပျိုးလျက်ရှိကြသည်။

သဲကုန်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲမျိုးများဖြစ်သော ဗီယက်နမ်၊ ဆင်းပဒေသာ (၁၁) မျိုးများကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဧကမှာ (၆၈၆၁) ဧကရှိပြီး နှစ်စဉ်မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြ၍ စိုက်ကျင်းဖော်၍ စိုက်ပျိုးခြင်း၊ ပင်ထောင်မျိုးများကို တန်းဆွဲ၍စနစ်တကျ စိုက်ပျိုးခြင်းစိုက်ပျိုး​ကြ​ပြီး ထွန်ရေး/ ထယ်ရေးကောင်းမွန်ခြင်း၊ ရာသီဥတုမှန်ပါက အမြတ်များစွာရှိကြောင်း၊ စိုက်ပျိုးသည့် မြေယာ၊ ရာသီဥတုနှင့် အပင်ပြုစုမှုအပေါ်မူတည်၍ အထွက်နှုန်းများပြောင်းလဲမှုရှိကြောင်း၊ ပိုးမွှားများကြိုက်သည့် အပင်ဖြစ်သည့်အတွက် ပိုးသတ်ဆေးများ အထိုက်အလျောက်အသုံးပြုရကြောင်း သိရသည်။

သဲကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဒေသခံတောင်သူများအား ဝင်ငွေများတိုးပွားလာစေရန်နှင့် ဒေသတွင်းစားသုံးဆီဖူလုံမှုရှိစေရန်အတွက် စိုက်ပျိုးနည်းစနစ်များ အသိပညာပေးခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ တောင်သူတစ်ဦးချင်းစီ၏ ဝင်ငွေနှင့် ဒေသဝမ်းစာဖူလုံမှုကို ပိုမိုတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုကျော်