ကျောင်းကုန်းမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဝတ်စားဆင်ယင်မှုသရုပ်ပြပွဲ ကျင်းပ

ကျောင်းကုန်း ဇွန် ၃၀

၂၀၂၆ ခုနှစ် ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် နှစ်(၃၀) ပြည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝတ်စားဆင်ယင်မှုသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ‌အထွေထွေအုပ်ချပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက "အလှကမ္ဘာမြေ" သီချင်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက ဝတ်စားဆင်ယင်မှုသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်းအကြောင်းနှင့် ၂၀၂၆ ခုနှစ် (၆) လတာကာလအတွင်း လုပ်ငန်း‌ဆောင်ရွက်ခဲ့ မှုမှတ်တမ်းများအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက "ယဉ်တစ်ကိုယ်မယ်" သီချင်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပြီး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုစင်နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကထုတ်ဝေသည့် လက်ကမ်းစာစောင်များ၊ မုန့်နှင့်ရေသန့်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)