လားရှိုး ဇွန် ၃၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့တွင် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ ဖွင့်လှစ်သည့် ပြည်နယ်အဆင့်သံဃနာယကနှင့် ဝိနည်းမိုရ် (ဆင့်ပွား) သင်တန်းဆင်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ဇွန်လ ၂၈ ရက်က အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓဇောတိကဓဇ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်က သံဃနာယကနှင့် ဝိနည်းမိုရ် (ဆင့်ပွား) သင်တန်းအောင်ပွဲအထိမ်းအမှတ် အောင်ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခဲ့သည်။
ထို့နောက် တိုင်းမှူးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်သံဃမဟာနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံသို့ လှူဖွယ်ဝတ္ထုအစုစုအား ဆပ်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှအတမ်းပေးဝေခဲ့သည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)