မိုးညှင်း ဇွန် ၂၈
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ကျေးရွာငါးရွာမှ တောင်သူများအား မျိုးစပါးတင်း (၅၀၀) နှင့် ကျေးရွာတစ်ရွာအား သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေပြည်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကိုက မိုးညှင်းမြို့နယ်သည် ပြည်နယ်၏ အဓိကအားထားရသည့် စပါးကြီဖြစ်သည့်အတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးနှင့် အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဆင်းဧကရီ-၃ စပါးမျိုးကောင်း မျိုးသန့်နှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာဖြစ်သော ဘီလူး၊ ပင်းဟဲ၊ အင်ကြင်းကုန်း၊ မရင်းကုန်းနှင့် ညောင်ကုန်းကျေးရွာတို့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးဧက (၅၀၀) အတွက် မျိုးကောင်းမျိုးသန့်စပါးဖြစ်သည့် ဆင်းဧကရီ-၃ စပါးမျိုးတင်း (၅၀၀) ကိုလည်းကောင်း၊ အင်ကြင်းကုန်းကျေးရွာအတွက် သီနှံစုံသုံးသဘာဝမြေဩဇာအိတ် (၁၀၀) ကိုလည်းကောင်း တက်ရောက်လာကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူများထံ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း