ပေါင် ဇွန် ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ရပ်ရွာအခြေပြု စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါတိုက်ဖျက်ရေး ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန တီဘီရောဂါဌာနမှ ကျန်းမာရေးမှူး ဦးအောင်တိုးတက်နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နွေးနွေးနှင့် အဖွဲ့ဝင်များ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌ ဒေါ်နွေးနွေးက မြန်မာနိုင်ငံတီဘီရောဂါအခြေအနေများ၊ ဆောင်ရန် ရှောင်ရန်အချက်များ၊ တီဘီရောဂါနှင့်ပတ်သက်ပြီး သင်တန်းသူများအနေဖြင့် ကာကွယ်ရန်အချက်များကို လိုက်နာဆောင်ရွက်ဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းဆရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါဌာနမှ ကျန်းမာရေးမှူး ဦးအောင်တိုးတက်က တီဘီရောဂါသည် သာမန်မျက်စိဖြင့် မမြင်နိုင်ကြောင်း၊ လေထဲမှကူးစက်သော ရောဂါဖြစ်ကြောင်း၊ တီဘီရောဂါဖြစ်ပွားသူသည် ဆေးကုသမှု စနစ်တကျမခံယူပါက မိမိမှတစ်ဆင့် မိသားစုနှင့်ပတ်ဝန်းကျင်ရှိ လူများကိုပါ အလွယ်တကူ ကူးစက်နိုင်ကြောင်း၊ ဘတ်(စ်)ကား၊ ယာဉ်ရထား၊ သင်္ဘော၊ လေယာဉ်စီးပြီး ခရီးသွားလာရင်း ဝေဒနာရှင်မှ ပတ်ဝန်းကျင်ရှိ လူများသို့ ရောဂါပိုးအလွယ်တကူ ကူးစက်နိုင်ပါကြောင်း၊ အာဟာရချို့တဲ့ခြင်း၊ ခုခံအားကျဆင်းနေခြင်း၊ ဆေးလိပ်အရက်အလွန်အကျွံသောက်သုံးခြင်း၊ အသက်အရွယ်ကြီးသူများနှင့် ငါးနှစ်အောက်ကလေးငယ်များ၊ ဆီချိုရောဂါနှင့် အစာအိမ်ဖြတ်တောက်ခံထားရသူများ တီဘီရောဂါပိုမိုဖြစ်ပွားနိုင်ကြောင်း၊ ရောဂါလက္ခဏာများနှင့် တီဘီရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို သင်ကြားပို့ချခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက တီဘီရောဂါရှိသူများသည် နှာချေ၊ ချောင်းဆိုးလျှင် အဝတ် (သို့) လက်ကိုင်ပုဝါဖြင့် လုံအောင်အုပ်ဖို့လိုအပ်ပါကြောင်း၊ တီဘီရောဂါသည် စနစ်တကျကုသမှုခံယူပါက ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည့်အတွက် စနစ်တကျလိုက်နာဆောင်ရွက်ဖို့ ပြောကြားခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)