ခေတ္တရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား တက်ရောက်

စစ်တွေ ဇွန် ၂၇

(၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခေတ္တရခိုင် ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခေတ္တရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ၁၉၈၇ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ခဲ့ပြီး နှစ်စဉ် ဇွန်လ (၂၆) ရက်နေ့ ရောက်တိုင်း ယခုကဲ့သို့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာလည်း ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ်တွင် (၃၉) ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားနှင့်အတူ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ် ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ထားခြင်းမရှိသေးသည့် ဓာတုပစ္စည်းများ ဖျက်ဆီးပွဲအခမ်းအနားကိုလည်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များတွင် ကျင်းပလျက်ရှိကြောင်း၊ ယနေ့ကျရောက်သည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် UNODCမှ ပေးပို့သည့် ဆောင်ပုဒ်က “စိန်ခေါ်မှု(အသစ်တွေ) ကြားက မူးယစ်ဆေးဝါးပြဿနာ၊ ဆန်းသစ်တီထွင် နည်းလမ်းရှာ၊ စုပေါင်းကာကွယ်တိုက်ဖျက်ပါ၊ “ World drug problem; persisting issues, new  challenges, innovative responsesဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီး ပြည်နယ်အနေဖြင့် ၂၀၂ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု (၂၇)မှု၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်(စ်)၊ ဆေးခြောက်၊ ထရာမဒေါလ်၊ အယ်ပရာဇိုလမ် တို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ (၅၄) ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ၂၀၂ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု(၃၇)မှု၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်(စ်)၊ ဆေးခြောက်တို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် မူးခင်းများသည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရုံသာမက ဆင်းရဲမွဲတေမှုကိုပါ ဖြစ်ပေါ်စေသည့်အတွက် မူးယစ်ဆေးဝါးပပျောက်ရေးကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ဌာနတစ်ခုတည်း စွမ်းအားဖြင့် ဆောင်ရွက်လို့မရဘဲ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်အပြင် ပြည်သူလူထုတစ်ရပ်လုံးမှ တက်ညီလက်ညီဝိုင်းဝန်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ထံမှပေးပို့သည့် သဝဏ်လွှာအား ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဖတ်ကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗွီဒီယိုအား ပြသသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခေတ္တရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်နယ်အစိုးရအဖွဲ့ဝင်များက (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီး၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည် ကျောင်းသား၊ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခေတ္တရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခန်းမအတွင်း ပြသထားသည့် အသိပညာပေးဓာတ်ပုံများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီး၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများအား ပြသထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)