ပျော်ဘွယ် ဇွန် ၂၇
ပျော်ဘွယ်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများသို့သွားရောက်၍ ကျေးလက်နေပြည်သူများ ထင်းအစားထိုးအခြားလောင်စာတိုးမြှင့်သုံးစွဲရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ပေးအပ်ခြင်းကိုဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၅ ရက်၊ နံနက် ၁၀ နာရီက ကျောင်းကုန်းကျေးရွာတွင်လည်း ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်ဦးစီးမှူးဦးရဲဖြိုးကျော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လှုမှုစီးပွားတိုးတက်ရေးတို့ကို အထောက်အကူပြုစေရန် သစ်တောစိုက်ခင်းများတည်ထောင်နိုင်ရေး၊ သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ရေး၊ ထင်းလောင်စာအစားစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ၊ လောင်စာတောင့်များအား အသုံးချနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြီးစွမ်းအားမြှင့်မီးဖိုများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ စွမ်းအားမြှင့်မီးဖိုများသည် မိရိုးဖလာသုံးစွဲခဲ့ကြသည့် ဖိုခနောက်မီးဖိုများထက် လောင်စာသုံးစွဲရာတွင် ၄၀ ရာခိုင်နှုန်းခန့်သက်သာကြောင်း၊ သို့မှသာ သစ်တောပြုန်းတီးမှုကိုလျော့ကျစေပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း လာနိုင်မည့်အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)