မွန်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း နဝမအကြိမ်၊ မွန်ပြည်နယ် ၊ ပြည်နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယနှစ်ပတ်လည်အစည်းအဝေးတက်ရောက်

မော်လမြိုင် ဇွန် ၂၇

နဝမအကြိမ် မွန်ပြည်နယ်၊ ပြည်နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယနှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပရိယတ္တိဓမ္မာဗိမာန်တော်ကြီး၌ ကျင်းပပြု လုပ်သည်။

ဦးစွာ နဝမအကြိမ်၊ မွန်ပြည်နယ်၊ ပြည်နယ်သံဃာ့ဝန်ဆောင်အဖွဲ့ဒုတိယနှစ်ပတ်လည် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀) မြို့နယ်မှ ပြည်နယ် သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၏ ကြွရောက်သည့် အရေအတွက်နှင့်အစည်းအဝေးသို့ တက်ရောက်မှုရာခိုင်နှုန်းကိုဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး အထမြောက်အောင်မြင်ကြောင်းလျှောက်ထားခဲ့သည်။

ထို့နောက် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများက "ဝိဝါဒံ ဘယတော ဒိသွာ" အစရှိသော ဂါထာကိုသုံးကြိမ် ရွတ်ဆိုတော်မူ၍ အစည်းအဝေးကို ဖွင့်လှစ်ခဲ့ပြီး သဘာပတိ မွန်ပြည်နယ်သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော်က အဖွင့်ဩဝါဒကထာ မြွက်ကြား၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြကာ ပြည်နယ်သံဃနာယကအဖွဲ့၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ခဲ့သော သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကဏ္ဍများကို အစီရင်ခံဖတ်ကြားတင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်သံဃနာယကအဖွဲ့၏ အစီရင်ခံစာအပေါ် ဝေဖန်ဆွေးနွေး အကြံပြုတော်မူခြင်း၊ ဝေဖန်ဆွေးနွေးချက်များအပေါ် တာဝန်ရှိပုဂ္ဂိုလ်က ပြန်လည်ရှင်းလင်းတော်မူခြင်း၊ အစီရင်ခံစာကို အတည်ပြုချက်ရယူတော်မူ၍ သဘာပတိဆရာတော်က နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားတော်မူခြင်းတို့ ဆောင်ရွက်၍ အစည်းအဝေးကို "ဇယန္တော ဗောဓိယာ မူလေ" အစရှိသော နှစ်ဂါထာကို ရွတ်ဆို ရုတ်သိမ်းကာဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)