ဘားအံ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ဘားအံ ဇွန် ၂၇

ကရင်ပြည်နယ်အတွင်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့ထိ မူးယစ်ဆေးဝါးအမှုပေါင်း (၉၁)မှု မှ တရားခံပေါင်း ၁၃၁ ဦးနှင့် ၂၀၂၅ ခုနှစ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုပေါင်း(၁၉၃)မှုမှ တရားခံ(၂၉၅)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းကဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှသိရသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းက မူးယစ်ဆေးဝါး ကင်းစင်သည့် Drug Free State ဖြစ်ပေါ်လာစေရေးအတွက် မူးယစ်ဆေးဝါးပြဿနာကိုကိုင်တွယ်ဖြေရှင်းရာ၌ ကျန်းမာရေးနှင့်တရားရေးအပိုင်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ် ရပ်ဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အတွက် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေထံမှပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးမင်းရွှေကဖတ်ကြားပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး တို့က (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြည်နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိကြသူများကို ဂုဏ်ပြုဆုများ အားလည်းကောင်း၊ အမှတ်ပေးအကဲဖြတ်ဒိုင်လူကြီးများနှင့် မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက် ခဲ့ကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုများပေး အပ်ချီးမြှင့်ကြပြီး ဆုရရှိကြသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ခင်းကျင်းပြသထားသော  ၂၉ ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲ ကျင်းပမှုမှတ်တမ်းဓာတ်ပုံများ၊ ဆုရလက်ရာများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်း၊ လျှပ်စစ်၊စွမ်းအင် စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးစောမျိုးမြင့်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် ဘားအံမြို့နယ်၊ ကြာအင်းပေါ်တော်မူအေးချမ်းနယ်မြေသာသနာပြုဌာန ဦးစီးပဓာနနာယကချုပ်ဆရာတော် အဂ္ဂမဟာသဓ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒသာရအား လပြည့်တော် ဗိမာန်၌ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ဆန် ၃၀၀ အိတ်၊ ဆီ ၃၀၀ ပိဿာတို့နှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)