ဇီးကုန်း ဇွန် ၂၆
၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ သူများနှင့် ပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်းကို ဇွန်လ၂၅ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးနှင့် ဝန်ထမ်းများက အ.ထ.က (မြို့မ) ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများထံ ဖြန့်ဝေပေးခဲ့ပြီး၊ ပြည်သူလူထုထံ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအုပ်စု (၅) မျိုးအကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးဆိုသည်မှာနှင့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်တို့ပါဝင်ကြောင်း သိရသည်။
တင့်ဆွေ (ပြန်ဆက်)