မုဒုံမြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မုဒုံ ဇွန် ၂၆

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဇွန် ၂၄ ရက်နေ့က အ.မ.က (စာစင်အလယ်ပိုင်း) စာသင်ကျောင်း၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်အောင်က မိုးတွင်းကာလ သဘာဝဘေးအန္တရာယ်များမဖြစ်မီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဆောင်ရန်/ ရှောင်ရန် အကြောင်းအရာများ၊ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြပြီး ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်၍ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)