မြဝတီမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မြဝတီ ဇွန် ၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ​ ဘေးအန္တရာယ်ဆိုင်ရာသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း(ခွဲ)ဝှေ့ရှမ်းကျောင်းတွင်လည်းကောင်း၊ မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်း(သင်္ဃန်းညီနောင်) ကျောင်းတွင်လည်းကောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အခြေခံပညာအထက်တန်း(ခွဲ)ဝှေ့ ရှမ်းကျောင်း ​အုပ်ဆရာမကြီး  ဒေါ်နန်းနှင်းယုနှင့် အခြေခံပညာအထက်တန်း (သင်္ဃန်းညီနောင်)ကျောင်းမှ ယာယီတာဝန်ခံဆရာကြီး ဒေါ်နန္ဒာဝင်းတို့က အဖွင့်အမှာစကားများပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်က ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ် ရမည့်အချက်များ၊ ဘေးအန္တရာယ် ဖြစ်ပွားလာပါကသိရှိလိုက်နာရမည့်အချက်များကို လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းက စွန့်ပစ်ပစ္စည်း (၄) မျိုးခွဲခြား၍ စနစ်တကျ စွန့်ပစ်ရမည့် အချက်များ၊ တစ်ခါသုံးပလပ် စတစ်များ၏ဆိုးကျိုးနှင့်နောက်ဆက်တွဲ ပြဿနာများ ဆောင်ရန်၊ရှောင်ရန် အချက်များကိုလည်း​ကောင်း အသိပညာပေး ဟောပြောပေးပြီး ကျောင်းသား၊ ကျောင်းသူ(၄)ဦးတို့အား လက်တွေ့သရုပ်ပြခွဲခြားစေခြင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် ကျောင်းစာအပြင် ဗဟုသုတဖြစ်စေမည့် စာကောင်းပေမွန်များ ဖတ်ရှုကြရန်၊ စာမဖတ်လျှင်ဗဟုသုတ မရှိ၊ အမှားအမှန်၊ အကောင်းအဆိုး၊ ဓမ္မနှင့်အဓမ္မ ခွဲခြားနိုင်မှု မရှိခြင်းကြောင့် လမ်းမှားရောက်သွားကြသည့် လူငယ်တွေ မဖြစ်ရလေအောင် ဗဟုသုတရရှိစေမည့် စာပေများ ဖတ်ရှုကြရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို လည်းကောင်းဟောပြောခဲ့ကြသည်။

ဆက်လက်ပြီးလူကြောင့် ဖြစ်ပွားသည့် ဘေးအန္တရာယ် အကြောင်းအရာများနှင့်ပလပ်စတစ် လျှော့ချရေးသိရှိလိုက်နာရမည့်အချက်များကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းပြသ ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများ မေးမြန်း ကာ ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် ပြသထားသည့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)