မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

မုဒုံ ဇွန် ၂၆

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ယမန်နေ့နံနက် ၉ နာရီက ချေးငွေများ ထုတ်ပေးလျက်ရှိသည်။

တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး စက်မှုလုပ်ငန်းတည်ဆောက်ရာတွင် ကောင်းစွာအထောက်အကူ ပြုစေရန် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးခြင်းနှင့် ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးယဥ်ဋ္ဌေးက တောင်သူများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဖဲဒို၊ ကွမ်လှာကျေးရွာများရှိ တောင်သူ (၄၆) ဦး၏ လယ်ဧက(၃၃၈)ဧကအတွက် ချေးငွေကျပ် စုစုပေါင်း (၁၀၁၄) သိန်းကို တောင်သူများထံ လက်ဝယ်အရောက် ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)