မော်လမြိုင် ဇွန် ၂၆
၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်ချမှတ်ခဲ့ရာမှာ လူငယ်များရဲ့အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တိုက်ဖျက်ရေးအစီအမံများ ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်အနေနဲ့ အမှုပေါင်း ၆၅၃ မှုမှ မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း အမျိုးပေါင်း ၁၈ မျိုး၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆.၄၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးနိုင်ဖို့အတွက် ရန်ကုန်မြို့၊ အမှတ်(၂) မှုခင်းရဲတပ်ဖွဲ့ခွဲကို ပေးပို့အပ်နှံခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးက မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးကို နိုင်ငံတော်အစိုးရနဲ့အတူ လက်တွဲပူးပေါင်းကာကွယ် တိုက်ဖျက်ကြပါလို့ တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ၂ဝ၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့်သဝဏ်လွှာအား မွန်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဉာဏ်လင်းထွေးမှ ဖတ်ကြားခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုပြသခဲ့သည်။
ဆက်လက်၍ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ စာစီစာကုံးပြိုင်ပွဲနှင့် အဆင့်မြင့်ပညာအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ကြပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ စစ်ဦးစီး (ဗိုလ်မှူးကြီး)၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများမှ မူးယစ်တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအားနှင့် ပူးပေါင်းဆောင်ရွက်ပေးကြသူများအား ဆုများချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအမှတ် ပြခန်းများလှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)