ကမမောင်း ဇွန် ၂၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးရာသီကာလ ခြင်ပေါက်ဖွားမှုနှုန်း မြင့်မားလာချိန်၌ မိဘပြည်သူများ ခြင်ကိုက်ခံရမှုမှတစ်ဆင့် ငှက်ဖျားရောဂါ ကူးစက်ခံရခြင်းအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ အသိပညာပေးခြင်းနှင့် တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ ရပ်ကွက်များရှိ ဒေသခံပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဖာပွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆုရဲထက်က ဒေသခံပြည်သူများအား တာရှည်ခံဆေးစိမ်ခြင်ထောင်များကို ဆေးအာနိသင် ကြာရှည်ခံစေရန် အတွက် နေရောင်ခြည် တိုက်ရိုက်မထိဘဲ အရိပ်ထဲတွင်သာ လှန်းရန်၊ ပြင်းထန်သော ဆပ်ပြာမှုန့်များဖြင့် မလျှော်ဖွတ်ရန်နှင့် အကယ်၍ မိသားစုဝင်များအနက် ချမ်းတုန်ပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စသည့် ငှက်ဖျား သံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးပြသ၍ သွေးစစ်ဆေးမှု ခံယူကြရန် စသည့် သတိပြုရမည့် အချက်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ငှက်ဖျားရောဂါကာကွယ်ရေး တာရှည်ခံဆေးစိမ်ခြင်ထောင်များကို ဖာပွန်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုး၊ ဖာပွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆုရဲထက်နှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တာရှည်ခံဆေးစိမ်ခြင်ထောင်များအား ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြပြီး ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကမမောင်း (ပြန်/ဆက်)