ဘားအံ ဇွန် ၂၆
FIFA နှင့် UNESCO တို့ ပူးပေါင်းအကောင်အထည်ဖော်သည့် Football for Schools (F4S ) အစီအစဉ်အရ ဘောလုံးကစားခြင်းမှတစ်ဆင့် ကလေးသူငယ်များ၏ ပညာရေး၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် လူမှုရေးစွမ်းရည်များကို မြှင့်တင်ပေးရန်ရည်ရွယ်ပြီး အခြေခံပညာကျောင်းများ၌ ပညာရေးစနစ်တွင် ဘောလုံးအားကစားကို ထည့်သွင်းခြင်းဖြင့် ကလေးများအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အဓိကလုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း Football for Schools Program (F4S ) အစီအစဉ် ရည်မှန်းချက်များ အောင်မှန်စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၅ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့ ပြည်နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က တက်ရောက်အမှာစကား ပြောကြားရာတွင် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ အားကစားသမားကလေးငယ်များ ပေါ်ထွန်းလာစေရေး အားကစားအခြေခံကောင်းများ ရရှိစေရေးအတွက်ဆရာ ဆရာမများအနေဖြင့် လမ်းညွှန်သင်ကြား ပြသလိုစေကြောင်း ကျား၊ မ မခွဲခြားဘဲလူတိုင်း ဘောလုံးကစားခွင့်နှင့်ပါဝင်ခွင့်ရရှိစေရန် ကျောင်းများတွင် ဘောလုံးပစ္စည်းများနှင့် လေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးရန် ပညာရေးနှင့် အားကစားကို ပေါင်းစပ်ခြင်းဖြင့် ကလေးများကျောင်းတက်ရန် ပိုမိုစိတ်ဝင်စားလာမည်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်သော လူနေမှုပုံစံကိုရရှိလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် အားကစားနှင့် ကာယပညာ ဆရာ၊ ဆရာမများက ဆွေးနွေးတင်ပြရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)