လိပ်သို ဇွန် ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် ရှေးဉီးစွာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဉီးက မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် မိမိကိုယ်ကို ပျက်စီးစေသလို ပတ်ဝန်းကျင်ကိုလည်း ဖျက်ဆီးရာရောက်စေကြောင်း၊ တန်ဖိုးရှိလှသော လူငယ်ဘဝမှာ မူးယစ်ဆေးကို အစပြုမသုံးစွဲမိအောင် သတိပြုဆင်ခြင်သင့်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဉီးစောမြတ်ကျော်က မူးယစ်ဆေးဝါးသည် စိတ်ကို စွဲလမ်းမူးယစ်စေသော အရာဖြစ်ကြောင်း၊ မူးယစ်အစဖြစ်တဲ့ ဆေးလိပ်၊ ကွမ်း၊ အရက်သုံးစွဲမှုကို ရှောင်ရှားခြင်းအားဖြင့် ကောင်းမွန်တဲ့ အနာဂတ်ဘဝကို လျှောက်လှမ်းနိုင်မှာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏အန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်ပြီး လိပ်သိုနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဖြိုးမင်းသွင်က မူးယစ်ဆေးဝါး (၁၃၂) မျိုး၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် ဉပဒေပုဒ်မများအကြောင်းကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း