ဘားအံမြို့၊ နည်းပညာတက္ကသိုလ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဘားအံ ဇွန် ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို သိရှိလိုက်နာကြစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ကရင်)၊ အမှတ်(၇၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဘားအံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးမောင်မောင်ကျော်ဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လမ်းညွှန်အမှတ်အသားနှင့် ပတ်သက်၍ သိရှိလိုက်နာသင့်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ဟောပြောပွဲ အခမ်းအနားသို့ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင်ဇော်လတ်နှင့် ဆရာ၊ ဆရာမ (၇၀)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၅၀၀)ဦး စုစုပေါင်း (၅၇၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများမှ မိမိတို့သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးဖြေကြားခဲ့ကြာင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)