ပေါင် ဇွန် ၂၆
မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်သည် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပေါင်မြို့နယ်၊ သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးသည် ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ပေါင်မြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးကို အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်း၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မိမိတို့တာဝန်ကျရာ မြို့ပြများဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအားထည့်ပြီး တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများယုံကြည်ချစ်ခင်အားကိုးသည့် ပြည်သူ့အကျိုးပြု ဝန်ထမ်းကောင်းများ၊ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် မိမိတို့မြို့ပြဒေသဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ကြိုးစားကြရန် အလေးအနက်ထားမှာကြားလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက အကြုံပြုဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ တင်ပြချက်အပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးသည် ကဒါရပ်ကွက်ရှိ အမှိုက်သိမ်းဆည်းရေးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကင်းဝေးပြီး စနစ်တကျအမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် နေ့စဉ်မပျက် အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရပ်ကွက်များအတွင်း အမှိုက်များလိုက်လံသိမ်းဆည်းပေးခြင်းနှင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများအတွင်း အမှိုက်သရိုက်များနှင့် နုန်းမြေများ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း မှာကြားပြီး အသစ်ဆောက်လုပ်မည့် ပန်းခြံမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)