ပေါင်မြို့နယ်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့

ပေါင် ဇွန် ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက နေအိမ် (၇) လုံးတို့အား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောင်းရွှေ့ခြင်းကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် လက်ပံကျွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက နီးစပ်ရာဆွေမျိုးများအိမ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ပံကျွန်းကျေးရွာသည် မုတ္တမပင်လယ်ကွေ့ဒေသတွင် တည်ရှိ၍ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် နှစ်စဉ်ရေတိုက်စားကာ ကမ်းပြိုကျလာမှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့နေရကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)