လွိုင်ကော် ဇွန် ၂၅
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဒီဂရီကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။
ဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံသားများသည် နိုင်ငံကိုဖန်တီးတည်ဆောက်ကြသူများဖြစ်၍ အသိဉာဏ်ပညာ၊ အမြော်အမြင်နှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အရည်အသွေး ပြည့်ဝသည့် ဆရာ၊ ဆရာမများဖြစ်လာအောင် လေ့လာသင်ယူပြီး ကလေးများကို မိမိထက်မြင့်သည့် လူကောင်း၊ လူတော်များဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး လွိုင်ကော်ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် စာပေအနုပညာခေါင်းစဉ်များဖြင့် ဆွေးနွေးခြင်းနှင့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်နှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ပါဝင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)