ဒေါပုံ ဇွန် ၂၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို အမှတ်(၃၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဒေါပုံ) မှ တာဝန်ရှိသူများက ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ အမှတ်(၃၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဒေါပုံ) မှ ဒုတိယရဲမှူး အောင်မြင့်ထွန်းက ကျောင်းသား လူငယ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ နှစ်စဉ်ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားလျက်ရှိရာ နေ့စဉ်ကျောင်းတက်ရာ၌ ခြေလျှင်လျှောက်သူများ လိုက်နာရမည့် စည်းကမ်းများ၊ လမ်းကူးရာတွင် သတ်မှတ်နေရာများမှ သွားလာရေး၊ ကားစီးပါက ခါးပတ်၍စီးနင်းခြင်း၊ လူကူးကုန်းတံတားများမှ စနစ်တကျကူးခြင်းနှင့် မီးပွိုင့်များ၏ မီးစနစ်အချက်ပြမှုများကို တိကျစွာ လိုက်နာတတ်စေရေးတို့ကို ဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)