မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ကြီးမှူးကျင်းပပြုလုပ်သည့် ယဉ်ကျေးမှုစာတမ်းဖတ်ပွဲနှင့် ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြည်  ဇွန်  ၂၅

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် ယဉ်ကျေးမှုစာတမ်းဖတ်ပွဲနှင့် ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်က တက်ရောက်လာသူများအား အမှာစကား ပြောကြားခဲ့ပြီး ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်နန်းနန်းဝေက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ပြည်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာအေးအေးမြင့်က "အမျိုးသမီးကဏ္ဍမြှင့်တင်ဖို့ ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းစို့" ဟူသော ခေါင်းစဉ်ဖြင့် အမျိုးသမီးကဏ္ဍနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စာတမ်းများကို ဖတ်ကြားခဲ့ပြီး ပြည်ခရိုင် ဒုတိယဥပဒေအရာရှိ ဒေါ်အိသူဇာမျိုးက အမျိုးသမီးငယ်များအား အကြမ်းဖက်မှုမှကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောမှုများကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်က ပြည်တက္ကသိုလ်အတွက် ရန်ပုံငွေပေးအပ်လှူဒါန်းရာ ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသီတာက လက်ခံရယူခဲ့ပြီး ပြည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်က စာတမ်းဖတ်ကြားပေးခဲ့သော ပြည်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာအေးအေးမြင့်ထံသို့လည်းကောင်း၊ အသိပညာပေးဟောပြောခဲ့သော ပြည်ခရိုင် ဒုတိယဥပဒေအရာရှိ ဒေါ်အိသူဇာမျိုးထံသို့လည်းကောင်း လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

၀ဏ္ဏထွန်း(ပြန်/ဆက်)