နည်းပညာတက္ကသိုလ် (တောင်ငူ)၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကျင်းပ

တောင်ငူ ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နည်းပညာတက္ကသိုလ် (တောင်ငူ)၊ ဘက်စုံသုံးခန်းမ၌ တောင်ငူမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ် (တောင်ငူ)တို့ ပူးပေါင်း၍ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် နည်းပညာတက္ကသိုလ် (တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်နှင့် ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၅၀၀)ဦးခန့်အား တောင်ငူမြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမြင့်က ပြေစာများအပေါ် အခွန်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့် လုပ်ငန်းအမျိုးအစားများနှင့် ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များကို ဟောပြောဆွေးနွေးသည်။ ထို့နောက် တောင်ငူမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ ဝန်ထမ်းများက အခွန်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)