ဘားအံ ဇွန် ၂၄
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့တက် ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ၂၂ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၅ ဒဿမ ၆၅ ရာခိုင်နှုန်းတက်ရောက်ကြပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစန်းကိုက အစည်းအဝေးစတုတ္ထနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဒေသခံပြည်သူများကိုယ်စား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ထံမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကြယ်ပွင့်ပြမေးခွန်း(၄)ခုကို မေးမြန်းရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင် များက ပြန်လည်ဖြေကြားခဲ့ကြသည်။
ယင်းနောက် ဦးအေးမင်းထွေး မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ ပြည်တွင်းခရီးစဉ်ဒေသနေရာများ သဘာဝအတိုင်းထိန်းသိမ်းထားရှိနိုင်ရေးနှင့် ခရီးသွားများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများအား ထိန်းသိမ်းကြပ်မတ်နိုင်ရေး တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ ဦးတင်မောင်လှိုင် ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်၊ ဦးငွေထွန်း ကြာအင်းဆိပ်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)နှင့် ဒေါက်တာဌေးနောင် မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)တို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင် စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးကာ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့က ယင်းအဆိုကို ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်၍ ကရင်ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဦးခွန်ဖိုးအောင် သံတောင်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)နှင့် ဒုတိယဗိုလ်မှူးကြီး ကျော်သူရဝင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တို့က ထောက်ခံဆွေးနွေးကြပြီး ပြည်နယ်ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးသန်းထိုက်က ယင်းဥပဒေကြမ်းအပေါ် မူလပြဌာန်းချက်အချို့ကိုပြင်ဆင်ရန်တင်ပြခဲ့ကာ ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ကိုရယူရာ သဘောတူညီကြသည့်အတွက် ပြင်ဆင်ချက်များအား အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် ကရင်ပြည်နယ်ယစ်မျိုးခွန်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းကို အတည်ပြုပေးရန် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးက အဆိုတင်သွင်းရာ ပြင်ဆင်ရန်တင်ပြသည့် ဥပဒေ၊ ပုဒ်မ၊ ပုဒ်မခွဲများအားလည်းကောင်း၊ ပြင်ဆင်ရန်တင်ပြချင်းမရှိသည့် ဥပဒေ၊ ပုဒ်မ၊ ပုဒ်မခွဲများအားလည်းကောင်း၊ ဥပဒေကြမ်းတစ်ခုလုံးအားလည်းကောင်း အတည်ပြုရန် လွှတ်တော်ကိုယ်စားလှယ်များက သဘောတူကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူတို့၏တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာစိစစ်ရေးကော်မတီတွင် ကော်မတီဝင်(၁)ဦး ထပ်မံဖြည့်စွက်တာဝန်ပေးအပ်ခြင်းနှင့် တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကော်မတီတွင် ကော်မတီဝင်(၁)ဦးထပ်မံဖြည့်စွက် တာဝန်ပေးအပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ကန့်ကွက်ရန် အမည်စာရင်းတင်သွင်းခြင်းမရှိသည့်အတွက် အဆိုပါကော်မတီ(၂)ခုအား ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၁၁)ဦးစီဖြင့် အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာကာ အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)