မြောင်းမြမြို့တွင် ဝါးလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

မြောင်းမြ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော် သုဒဿန တန်ဆောင်းကြီး၌ ဇွန်လ (၂၃) ရက်နေ့ နံနက် ၉ နာရီအချိန်က ဝါးလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မာင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး‌ ဒေါ်ဝေဝေလင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းမှထွက်ရှိသည့် ကုန်ချောပစ္စည်းများအားလည်းကောင်း ဆုရရှိသူများအတွက် ဆုများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲအပြီးတွင် မြောင်းမြခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက သင်တန်းမှထွက်ရှိသည့် ကုန်ချောပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့သည်။ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းပြီးမြောက်ပြီဖြစ်၍ အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုအဖြစ် အသုံးချသွားနိုင်မည်ဖြစ်ရာ ခရိုင်အသေးအစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများကလည်း လိုအပ်သည့် အကူအညီများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိက်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)