ကန်ကြီးထောင့် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး အများပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ ဖြန့်ဝေပေးရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၏ ဦးဆောင်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးသစ်ကြီးတွင် ဈေးရောင်း၊ ဈေးဝယ်လာရောက်ကြသော ပြည်သူများ၊ လမ်းသွား၊ လမ်းလာ ပြည်သူများ၊ ဆိုင်ကယ်ကယ်ရီဂိတ်နှင့် ဆိုက်ကားဂိတ်ရှိ အများပြည်သူများထံ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင်“ မူးယစ်အန္တရာယ်ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့၊ မှုးယစ်ဆေးဝါးဆိုသည်မှာ၊ မှုးယစ်ဆေးဝါးများအားမီးရှို့ဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါးအုပ်စု(၅)မျိုးအနေဖြင့် - (၁) ထိုင်းမှိုင်းဆေးအုပ်စု၊ (၂) စိတ်ငြိမ်ဆေးအုပ်စု၊ (၃)စိတ်ကြွဆေးအုပ်စု၊ (၄) အာရုံချောက်ချားဆေးအုပ်စု၊ (၅) အငွေ့ပြန်ဓာတုဗေဒ ပစ္စည်းဆေးအုပ်စု၊ တန်ဖိုးရှိလှ လူငယ်ဘဝမူးယစ်ကင်းစင် ကျန်းမာမှ၊ အသိပညာပေးရုပ်ပြကာတွန်းနှင့် ဝိုင်းဝန်ကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးကဗျာများ” စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)