သထုံ ဇွန် ၂၃
မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ညောင်ဝိုင်းအခြေခံပညာမူလတန်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့နံနက်က အဆိုပါကျောင်းဆောင်သစ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျောင်းဆောင်သစ်အား မဟာဘောဂကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏ၀ံသနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပေးပြီး ရေစက်ချမင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူအပေါင်းတို့က မဟာဘောဂကျောင်းတိုက်ဆရာတော်ထံမှ သီလခံယူဆောက်တည်ခြင်း၊ အနုမောဒနာတရားနာကြားခြင်းတို့ကို ပြုလုပ်ကြသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှဖြူဖြူမင်းက ကျောင်းဆောင်သစ်ဖြစ်မြောက်ရေး ပါဝင်လှူဒါန်းပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ကဏ္ဍအသီးသီးမှ ပါ၀င်ကူညီလုပ်ဆောင်ပေးသည့် ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
သထုံမြို့ ညောင်းဝိုင်းအခြေခံပညာမူလတန်းကျောင်းသည် ကျောင်းသူ၊ ကျောင်းသားအရေအတွက် တိုးတက်များပြားလာပြီး ယခင်အဆောက်အဦးနှင့် အခန်းတို့လုံလောက်မှုမရှိတော့သဖြင့် မဟာဘောဂဆရာတော်၏ ဦးဆောင်မှုနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ အလှူရှင်များစုပေါင်းကာ အလျားပေ(၅၀)၊ အနံ(၂၅)ပေ၊ အမြင့်(၂၂)ပေရှိ နှစ်ထပ်ကျောင်းဆောင်သစ်အား ကာလတန်ဖိုး ကျပ်(၂၂၀၀)သိန်းခန့်ဖြင့် ယခုနှစ် ဧပြီလဆန်းမှ စတင်အကောင်ထည်ဖော် တည်ဆောက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်