မွန်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု ကြည့်ရှုအားပေး

မော်လမြိုင် ဇွန် ၂၃

မွန်ပြည်နယ်အတွင်း နိုင်ငံတော်အတွက် အရေးပါသောအခန်းကဏ္ဍမှ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပင်စင်လစာများထုတ်ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ‌မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ (၁) ၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မြန်မာ့စီးရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေး‌နေခြင်းအပေါ် တာဝန်ရှိသူများကကြည့်ရှုအားပေး၍ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)