ဘိုကလေး ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားခန်းမတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား ဇွန်လ (၂၀) ရက်နေ့မှစတင်၍ကျင်းပရာ ယမန်နေ့နံနက် (၁၁) နာရီ အချိန်တွင် ဗိုလ်လုပွဲ ပွဲစဉ်ကျင်းပခဲ့သည်။
ဗိုလ်လုပွဲကျင်းပရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ပွဲစဉ်အပြီး၌ ဆုချီးမြှင့်ပွဲ အခမ်းအနား ဆက်လက်ကျင်းပခဲ့သည်။
ဆုပေးပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက အကောင်းဆုံးဆုရကစားသမားနှင့် ပထမဆု၊ ဒုတိယဆုရရှိသောအသင်းများအား အသင်းအလိုက်ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြင့်ခဲ့သည်။
အဆိုပါ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအား ဘိုကလေးမြို့နယ်အတွင်းမှ ပိုက်ကျော်ခြင်းအသင်း (၆) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို BGL-2 အသင်းကလည်းကောင်း၊ ဒုတိယဆုကို Smile အသင်းကလည်းကောင်း အသီးသီးဆွတ်ခူးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)