ပြည် ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုပြုလုပ်ပေးနေမှုအား ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပြည်မြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ (၆)ထပ်ဆေးကုသဆောင်၌ ခွဲစိတ်ကုသမှုခံယူကြသည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ရင်းရင်းနှီးနှီးနွေးနွေးထွေးထွေး နှုတ်ဆက်အားပေးစကားပြောကြားပြီး အာဟာရမုန့်နှင့် ကြက်ဥများ၊ ချီးမြှင့်ငွေများကိုပေးအပ်ကာ ခွဲစိတ်ကုသမှုပြုလုပ်ပေးသည့် ဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ၊ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာလှမျိုးနိုင်ဦးဆောင်၍ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်းသားများပါဝင်သော အဖွဲ့က ဇွန်လ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့အထိ မွေးရာပါနှုတ်ခမ်းကွဲလူနာ (၁၅)ဦးနှင့် အာခေါင်ကွဲလူနာ (၁၁)ဦး၊ စုစုပေါင်း လူနာ (၂၆)ဦးတို့အား ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)