တောင်ငူ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ တော်ဝင်ကေတုမတီဟိုတယ်၊ ဘုရင့်နောင်ခန်းမ၌ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် အရှင်တိက္ခာသာရမှ ဦးဆောင်၍ ဆဋ္ဌမအကြိမ် ကေတုမတီဗုဒ္ဓဝင် စာမေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် ရွှေဆံတော်မရမ်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ အရှင်တေဇောသာရမှ အဖွင့်အမှာစကားပြောကြား၍ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက နှုတ်ဖြေစာမေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး နှုတ်ဖြေစာမေးပွဲကျင်းပသည်။ အဆိုပါစာမေးပွဲကို ဇွန် ၁၈ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ဗုဒ္ဓဘာသာဓမ္မအမေးအဖြေများကို ရေးဖြေ၊ နှုတ်ဖြေ ကျင်းပလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ (၁၀၀၀) ကျော် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး+ ဒေါ်ဝတ်ရည်အေးမိသားစုမှ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မတည် လှူဒါန်းခြင်းနှင့် နံနက်စာ၊ နေ့လယ်စာ ထမင်းအလှူဒါနကျွေးမွေးလှူဒါန်းပေးလျက်ရှိပြီး ဦးရန်မျိုးနိုင်+ဒေါ်သန်းသန်းဌေးမိသားစုမှ စေတမန် Express ကားနှစ်စီးဖြင့် နံနက်၊ညနေအကြိုအပို့အလှူဒါနဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ခုနစ်ရက်သားသမီး အလှူရှင်များကလည်း လာရောက်လှူဒါန်းလျက်ရှိပြီး နိုင်ငံကျော် အဆိုတော်များကလည်း ဓမ္မတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)