ကန်ကြီးထောင့် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် တိုင်းဒေသကြီးအတွင်း မြို့နယ်(၁၃)မြို့နယ်ရှိ အသင်းသား (၃၁၃) ဦး၊ မိုးစပါးစိုက်ဧက (၁၀၀၆) ဧကအတွက် ကျပ်(၂၄၅.၇၂၈)သန်းနှင့် ညီမျှသော သွင်းအားစုများကို မိုးစပါးစိုက်ပျိုးသော တောင်သူများသို့ သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဧရာသီရိသုခခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးသက်နိုင်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကျော်မျိုးတင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူ (၁၄၀) ဦး၊ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေး၊ လယ်တစ်ဧက အထွက်နှုန်းတိုးစေရေး၊ သွင်းအားစုများ စနစ်တကျ သုံးစွဲရေးတောင်သူများ လိုအပ်ချက်များနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးမှာကြားခဲ့ပြီး တိုင်းဒေသကြီးသမဝါယမဦးစီးမှူး ဦးကျော်စိုးမင်းက (သမဝါယမကဏ္ဍ) စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား တင်ပြခဲ့သည်။ ထို့နောက် မြို့နယ် (၁၃) မြို့နယ်ရှိ အသင်းသား (၃၁၃) ဦး၊ မိုးစပါးစိုက်ဧက (၁၀၀၆)ဧကအတွက် ကျပ် (၂၄၅.၇၂၈) သန်းနှင့် ညီမျှသော သွင်းအားစုမြေဩဇာ(၂၂၃၃)အိတ်ကို ပေးအပ်ခဲ့သည်။ ယင်းနောက် တက်ရောက်လာသော တောင်သူများမှ တင်ပြဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ၏ တင်ပြချက်အပေါ် ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ဆက်စပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)