ကသာမြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်များ စုပေါင်းစိုက်ပျိုးပွဲ ပြုလုပ်

ကသာ ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မိုးရာသီ သစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့ နံနက် (၇) နာရီခွဲက ကသာမြို့ ပတ္တမြားရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအနီးတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ မိမိတို့ သစ်တောဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောများ ပျက်စီးပြုန်းတီးမှု မရှိစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝ သစ်တောပတ်ဝန်းကျင်များ ပျက်စီးပြုန်းတီးမှုကို ကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲတော်ကို နှစ်စဉ်ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များကို ချစ်မြတ်နိုးသူများအနေဖြင့် သစ်ပင်များကို စိုက်ပျိုးလိုပါက မိမိတို့သစ်တောဦးစီးဌာနနှင့် ဆက်သွယ်၍ သစ်ပင်ပျိုးပင်များကို လာရောက်ယူငင် စိုက်ပျိုးနိုင်ပါကြောင်း ခရိုင်သစ်တောဦးစီးဌာနမှ တာဝန်ခံတောအုပ်ကြီး ဦးဘိုသိန်းက ပြောပြခဲ့သည်။

အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးထင်‌ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက မြို့နယ်သစ်တောဦးစီးဌာနက‌ ပေးအပ်သော ကျွန်းပင် (၁၀၀) ပင်၊ ကံ့ကော် (၁၀၀) ပင်၊ ခရေ (၂၀၀)၊ ပျဉ်းကတိုး(၅၀)၊ မဟော်ဂနီ (၅၀) ပင် စုစုပေါင်း သစ်ပင် ပျိုးပင် (၅၀၀) ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ကသာ)