မုံရွာ ဇွန် ၂၁
ကျောင်းထားလိုသောမိဘများအနေဖြင့် မိမိတို့၏သားသမီးများကို အလုပ်တစ်ဖက်နှင့်ဖြစ်စေ၊ အားလပ်ချိန်တွေမှာဖြစ်စေ ပညာသင်ကြားနိုင်ပြီး အစိုးရကျောင်းများမှာကဲ့သို့သော အဆင့်တူ အောင်လက်မှတ်အခွင့်အရေးများ ရရှိကာ နိုင်ငံတော်အသိအမှတ်ပြုလက်မှတ်များ ရရှိနိုင်မည့် ကျောင်းပြင်ပပညာရေး မူလတန်းအဆင့် (NFPE)နှင့် အလယ် တန်းအဆင့် (NFME) အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မုံရွာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပသည်။
ဦးစွာ မုံရွာခရိုင်ပညာရေးမှူး ဦးတင်ဝင်းက ကျောင်းပြင်ပပညာရေး မူလတန်းအဆင့် (NFPE) နှင့် အလယ်တန်းအဆင့် (NFME) များ ကျောင်းအပ်နှံနိုင်ရေး အခြေအနေများအား ရှင်းလင်းပြောကြားပြီး မုံရွာမြို့နယ် ကျောင်းပြင်ပပညာရေး တာဝန်ခံဆရာမကြီး ဒေါ်ခင်တာ (မြို့နယ်ပညာရေးမှူးငြိမ်း)နှင့် ဆရာကြီး ဦးကျော်စိုး (အခြေခံပညာမူလတန်းကျောင်းအုပ်ကြီး -ငြိမ်း)တို့က ကျောင်းပြင်မူလတန်းပညာရေး (Non -Firmal Primary Education) နှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး (Non -Middle Primary Education) တွင် အတန်းအလိုက် အဆင့်အလိုက် သင်ကြားရမည့် ဘာသာရပ်များ၊ တန်းစဉ်ကူးပြောင်းမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားမိဘများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မုံရွာမြို့နယ် ပညာရေးမှူး ဦးညွန့်ဝင်းနှင့် တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသားမိဘများအား ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက ထုတ်ဝေသည့် " ရင်သွေးတိုင်းအတွက် အလင်းဆောင်ကျောင်းပြင်ပပညာရေးဆီသို့ လှမ်းခဲ့ပါ " အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မုံရွာခရိုင် ပညာရေးမှူး ဦးတင်ဝင်း၊ မုံရွာမြို့နယ် ပညာရေးမှူး ဦးညွန့်ဝင်း၊ မုံရွာမြို့နယ် ကျောင်းပြင်ပပညာရေး တာဝန်ခံဆရာကြီး၊ ဆရာမကြီးများနှင့် ဖိတ်ကြားထားသော ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသော၊ ကျောင်းထွက်ခဲ့ကြရသော ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းတက်ရောက်ပညာသင်ယူနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)